အခုတစ်ခါမှာတော့မှားယွင်းတဲ့ skin care tips တွေကို ပြောမယ်နော်။😍 – Beauty.mm

Page

ပျိုမေအများစု ဖြစ်ချင်တဲ့ ဆန္ဒတွေမှာ အပြစ်ကင်းစင်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုတဲ့ အချက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် အသားအရေ လှပအပြစ်ကင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အမျိုးသမီးတွေက စူးစမ်းလေ့လာတတ်ကြပါတယ်။ အဲဒီအခါ အသားအရေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အမှားတွေကော၊ လုပ်သင့်တဲ့ အရာတွေပါ သိလာပြီး လက်တည့်စမ်းမိတတ်ကြပါတယ်။ မလုပ်သင့်တဲ့ အမှားတွေကို လုပ်ပြီးကာမှ အသားအရေ ထိခိုက်တာကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အောက်ပါအချက် ကိုးသွယ်ကို သတိထားစေချင်ပါတယ်။
သန့်စင်ရေးပစ္စည်းကို အလွယ်တကူ ဝယ်ခြင်း
အမျိုးသမီးအများစုက ကြေးချွတ်နိုင်ပြီး အစိုဓာတ်ထိန်းနိုင်တဲ့ သန့်စင်ရေးပစ္စည်းတွေကို ခပ်လွယ်လွယ်ပဲ ဝယ်တတ်ကြပါတယ်။ တကယ်တော့ ဓာတုပစ္စည်းနည်းပါးတဲ့ သန့်စင်ဆပ်ပြာကို ရွေးချယ် ဝယ်ယူသင့်တာပါ။ အထူးသဖြင့် ဆပ်ပြာထဲမှာ SD-40 နဲ့ isopropyl alcohol တို့ မပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။ ဒီအမျိုးအစားတွေက ဝက်ခြံဖြစ်လွယ်စေပြီး အရေပြား နီမြန်းခြောက်သွေ့မှုကို ဖြစ်စေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
မကြာခဏ ကြေးချွတ်ခြင်း
ကြေးချွတ်တာကို အလွန်အမင်း မလုပ်ပါနဲ့။ al-pha hydroxy acids ပါတဲ့ ကြေးချွတ်ပစ္စည်းတွေကို မကြာခဏ အသုံးပြုလွန်းရင် အရေပြားကို ရောင်ရမ်းမှု ဖြစ်စေနိုင်လို့ပါ။
မျက်နှာကို ပွတ်သပ်နေခြင်း
သင့်မျက်နှာ အပြစ်ကင်းစင်ချင်တယ်ဆိုရင် သင့်လက်တွေကို မျက်နှာနဲ့ မထိမိအောင် တတ်နိုင်သမျှ ရှောင်ပါ။ မဆေးကြောရသေးတဲ့ လက်နဲ့ မျက်နှာပေါ်က အဖုအပိမ့်တွေကို ထိတွေ့နေတာကြောင့် အမွေးအိတ်တွေ ထိခိုက်ကာ ဘက်တီးရီးယား ပျံ့နှံ့နိုင်ခြေ များပါတယ်။
အရေပြားကို အစိုဓာတ်ထိန်းမှု လွန်ကဲခြင်း
အရေပြား ခြောက်သွေ့တဲ့ အမျိုးသမီးတွေအနေနဲ့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်တွေ အလွန်အမင်း လိမ်းတာမျိုး ရှောင်ပါ။ ဒီလို အဆီတွေ လိမ်းလွန်းရင် ကြာလာတဲ့အခါ ချွေးပေါက် ပိတ်ဆို့တတ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းတာကို မလွန်ကဲပါစေနဲ့။
သစ်သီး မစားခြင်း
ရေကို သောက်ရင် အသားအရေ ကြည်လင်လှပတယ်ဆိုတာ မှန်ပါတယ်။ ရေဟာ အရေပြားဆီ အောက်ဆီဂျင် ရောက်ရှိစေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားကိုတော့ စိုပြည်မှု မဖြစ်စေနိုင်ပါဘူး။ အရေပြား စိုပြည်ချင်ရင် မရှိမဖြစ် ဖက်တီးအက်စစ်ပါတဲ့ ထောပတ်သီးလို အသီးအနှံတွေကို စားသင့်ပါတယ်။
ပြင်းသော နေရောင်ခြည်နှင့် အလွန်အမင်း ထိတွေ့ခြင်း
အပူရှိန်ပြင်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။ တချို့သူတွေမှာ ပြင်းထန်တဲ့ နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ သုံးတဲ့ နေကာခရင်မ်တချို့ကြောင့် ဝက်ခြံလို အဖုအပိမ့်တွေ ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်ပိတ်ပြီး အဖုအပိမ့်မဖြစ်အောင် ကာကွယ်ဖို့ ဇင့်နဲ့ တိုက်တေနီယမ်ပါတဲ့ နေကာခရင်မ်သုံးပါ။
မိတ်ကပ်လိမ်းပြီး အိပ်စက်ခြင်း
အပြစ်ကင်းစင်တဲ့ မျက်နှာအသားအရေ ပိုင်ဆိုင်ချင်ရင် ဘယ်တော့မှ (ဘယ်တော့မှ) မိတ်ကပ်လိမ်းပြီး မအိပ်သင့်ပါဘူး။ တကယ်လို့ မိတ်ကပ်လိမ်းပြီး အိပ်စက်အနားယူခဲ့ရင် တစ်ပတ်လောက်အတွင်း အသားအရေမှာ ပြဿနာဖြစ်လာစေနိုင်ပါတယ်။ မျက်နှာကို သေချာသန့်စင်ပြီးမှ ခေါင်းအုံးနဲ့ ခေါင်းကို ထိတွေ့သင့်ပါတယ်။
အိပ်ပျက်ခံခြင်း
အရေပြားဟာ အိပ်စက်အနားယူချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်းနေပါတယ်။ ဒါကြောင့် တစ်နေ့တာ အချိန်ဇယားမှာ အိပ်စက်တဲ့အချိန် အလုံအလောက်မပါဝင်ရင် သင့်အသားအရေက အလုံအလောက် ပြုပြင်ချိန်မရဘဲ ညစ်နွမ်း လျော့ရဲနေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပြီး လှလှပပ နိုးထပါ။
မိတ်ကပ်ကို မကုန်မချင်း ကြာရှည် အသုံးပြုခြင်း
သင့်မိတ်ကပ်တွေကို ဘယ်အချိန်ထိ အသုံးပြုသင့်တယ်၊ ဘယ်အချိန်မှာ လွှင့်ပစ်သင့်တယ်ဆိုတာ သင်သတိထားမိပါရဲ့လား။ အလှကုန်ပစ္စည်းတစ်ခုခုကို သက်တမ်း ကုန်နေသလားဆိုတာ ဂရုမစိုက်ဘဲ မကုန်မချင်း သုံးတတ်တဲ့ အကျင့်ရှိရင် ပြင်ဆင်သင့်နေပါပြီ။ မိတ်ကပ်လိမ်းရာမှာသုံးတဲ့ ကိရိယာ (ဥပမာ-တို့ဖတ်ပဝါ၊ ဘရပ်ရှ်)စတာတွေကိုလည်း စနစ်တကျ သန့်စင်သင့်ပါတယ်။ ဖောင်ဒေးရှင်း မိတ်ကပ်ကို ခြောက်လထက်ပိုပြီး မသုံးသင့်ပါဘူး။

Our Services


Our Shop Branches Address


Our Contact


Booking


Calendar is loading...
Powered by Booking Calendar

Post Author: Beauty.mm

Leave a Reply

Your email address will not be published. Required fields are marked *